ကိုယ့်ထက် အသက်ငယ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားရင် ဒီလို ကောင်းကျိုးတွေ ရရှိမယ်

ကိုယ့်ထက်ငယ်တဲ့သူနဲ့ ချစ်သူရည်းစားဖြစ်နေတဲ့ သူတွေဟာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ ပြောဆိုဝေဖန်ခြင်းတွေကို ခံရစမြဲပါ။ အမှန်တော့ ကိုယ်တွဲနေတဲ့သူက ဘယ်လိုလူမျိုုးလဲ၊ စိတ်ချယုံကြည်ရတဲ့သူ ဟုတ်မဟုတ်ဆိုတာ ကိုယ်သာ အသိဆုံးပါ။

သူ့အသက်အရွယ်က ကိုယ့်ထက်ငယ်လို့ ကိုယ်ကချည်းအလျှော့ပေးနေရလိမ့်မယ်လို့ ထင်နေရင်လည်းမှားနိုင်သလို ကိုယ့်ထက် အသက်ကြီးတဲ့ချစ်သူမျိုး ပိုင်ဆိုင်ထားလို့ သူကချည်း ကိုယ့်ကိုဦးဆောင်ပြီး အနာဂတ်လမ်းမပေါ် လျှောက်လှမ်းသွားနိုင်မယ်ဆိုတာကလည်း မှားယွင်းတဲ့အတွေးအခေါ် အယူအဆပါပဲ။

ဒီတော့ ကိုယ့်ထက်ငယ်တဲ့ချစ်သူမျိုး ပိုင်ဆိုင်ထားတဲ့ သူတွေအတွက် ကောင်းကျိုးလေးတွေ ဖော်ပြပေးချင်ပါတယ်။

၁။ သူ့ကြောင့် ခွန်အားတွေရှိလာမယ်၊ သွက်သွက်လက်လက်နေတတ်လာမယ်။

ကိုယ့်ထက်အသက်ငယ်တဲ့ ချစ်သူကို အမီလိုက်နိုင်ဖို့၊ ကိုယ်ကအသက်ကြီးတာမျိုး မသိသာစေဖို့ ကိုယ့်ဘက်က ကြိုးစားနေထိုင်လာမယ်။ ဖက်ရှင်ကျကျ ပိုဝတ်ဆင်လာနိုင်လိမ့်မယ်။ သူနဲ့ သွားအတူ၊ စားအတူဖြစ်လာသလို အရင်ထက် ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် ဖြစ်လာမယ်။ သူ့ဆီက ရရှိလာတဲ့ ခွန်အားတွေနဲ့ နောက်ထပ် အနာဂတ်အိပ်မက်အသစ်တွေ မက်လာနိုင်မယ်။ ပျော်စရာလည်း ပိုကောင်းလာပါလိမ့်မယ်။

၂။ ဖိအားတွေ အရင်ကလောက် မခံစားရတော့ဘူး။

အရင်တုန်းက ဖိအားများစွာနဲ့ ဖြတ်သန်းလာခဲ့ရတဲ့ ကိုယ့်ရဲ့နေ့စဉ်ဘဝဟာ သူ့ကြောင့် ပြောင်းလဲလာလိမ့်မယ်။ ရွယ်တူတန်းတူတွေမှာ ရှိတတ်တဲ့ အတွေးအမြင်တွေ သူ့မှာ မရှိပဲ အသစ်အဆန်းတွေ မြင်ရ ကြားရလိမ့်မယ်။

၃။ အံ့သြစရာကောင်းတဲ့အရာတွေ သိမြင်ခံစားလာရလိမ့်မယ်။

ကိုယ်မထင်ထားတဲ့အချိန်၊ ကိုယ်စိတ်ကူးမထားတဲ့အချိန်မျိုးမှာ သူကကိုယ့်ကို suprise လုပ်တာမျိုးတွေကြောင့် ပိုပျော်လာရလိမ့်မယ်။

၄။ ကိုယ်ဖြစ်စေချင်တာကို ပြောပြရင် အသာတကြည်လက်ခံလိမ့်မယ်။

ကိုယ့်ထက်ငယ်တဲ့သူဖြစ်တဲ့အတွက် ကိုယ်ပေးတဲ့အကြံကို သူယူလိမ့်မယ်။ ကိုယ့်ဘက်က ဆရာကြီးအထာနဲ့ ပြောဆိုတာမျိုး မလုပ်ဖို့ပဲ လိုတယ်။ သူပြောတာကိုလည်း ပြန်နားထောင်ပြီး အကောင်းဆုံးအကြံပေးနိုင်ဖို့ပဲ လိုတယ်။

၅။ ပွင့်ပွင့်လင်းလင်း နေတတ်လာမယ်။

ကိုယ့်ထက် အသက်ငယ်တဲ့သူဖြစ်တဲ့အတွက် ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတတ်တာများမယ်။ ကိုယ်လည်းသူတို့လိုပဲ ဟန်ဆောင်ပြောဆိုဆက်ဆံနေရတာမျိုးတွေထက် ပိုပွင့်ပွင့်လင်းလင်း ပြောဆိုတတ်လာမယ်။

၆။ အချစ်ရေးပြဿနာ ၊ ဇာတ်လမ်းဆင်တာတွေ နည်းမယ်။

ကိုယ်က သူ့ထက်ကြီးတဲ့အတွက် အကွက်ကြိုမြင်ပြီးသားဖြစ်တာကြောင့်ရော၊ သူတို့ဇာတ်လမ်းဆင်တာကို သိနေတာကြောင့်၊ ဒါမှမဟုတ် ဒါမျိုးတွေ လုပ်ရတာ ဝါသနာကို မပါလို့ စသဖြင့် သူတို့ဟာ အကွက်တွေခင်းပြီး ဇယားပတ်ရှုပ်တာမျိုးတွေ ရှောင်လိမ့်မယ်။

၇။ ကိုယ့်ဆုံးဖြတ်ချက်ကို သူဝင်စွက်ဖက်မှု နည်းလိမ့်မယ်။

ဒီအလုပ်မှာ မပျော်လို့ အလုပ်ထွက်ချင်တာမျိုး သူ့ကို ပြောပြပေးစရာပဲလိုတယ်။ သူကလည်း ဒါကိုလုံးဝမထွက်ရဘူး။ ဆက်လုပ်လို့ ပြောမှာမဟုတ်ဘူး။ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို သူလေးစားလိမ့်မယ်။ စွက်ဖက်မှုနည်းလိမ့်မယ်။