သင့်ချစ်သူကောင်လေးက သင့်ကို တကယ်ချစ်၊ မချစ်ဆိုတာ သေချာသိနိုင်တဲ့ အချက် (၅) ချက်

လူတစ်ယောက်ရဲ့စိတ်ဟာ မှန်းနိုင်ဖို့ခဲယဉ်းပါတယ်။ အထူးသဖြင့် ချစ်သူရည်းစားရဲ့ စိတ်နေ သဘောထားကိုပေါ့။ ချစ်မိပြီဆို မျက်စိမှတ်ယုံလိုက်တဲ့ ပျိုမေတွေအနေနဲ့ သူနဲ့ ခြေတလှမ်းခွာလို့ ဒီအချက်လေးတွေ သူ့မှာရှိနေပြီလားဆိုတာ ပြန်လေ့လာကြည့်ဖို့ လိုပါတယ်။ အချစ်မှာ လိုအပ်တဲ့အချိန်အပိုင်းအခြား တစ်ခု ကျိန်းသေရှိသင့်ပါတယ်။ ဒီအချိန်အပိုင်းအခြား အတွင်းမှာ သင့်အနေနဲ့ ဒီအချက်တွေ သူ့ဆီမှာရှိမရှိ ရှာဖွေကြည့်ပါ။

၁။ သင့်ရဲ့ လွှမ်းမိုးနိုင်မှု

ဒီတစ်ခုကတော့ အမျိုးသားတွေမလိုချင်ဆုံးအရာ ဖြစ်နိုင်တယ်။ ဒါပေမယ့် အကုန်လုံး မဟုတ်တောင် အနည်းငယ်တော့စမ်းကြည့်သင့်ပါတယ်။ သူ့အပေါ် သင့်ရဲ့လွှမ်းမိုးမှု ဘယ်လောက်အထိ သက်ရောက်နိုင်လဲဆိုတာပေါ့။ ဘယ်လောက်ပဲ ယောက်ျားပီသတဲ့ သူတစ်ယောက်ဖြစ်ပါစေ သင့်ကိုတကယ်ချစ်လာတဲ့အခါ သင့်ရဲ့ ထိန်းချုပ်မှုတစ်ခုကို လိုက်နာချင်လာ ပါလိမ့်မယ် ။

ဥပမာ – သူ့ရဲ့ အားလပ်ရက်အစီအစဉ်တွေ ၊ အလည်အပတ်ထွက်မည့် အစီအစဉ်တွေမှာ သင့်ကိုထည့်သွင်းလာတာမျိုး။ သူဝတ်မယ့်အဝတ်အစား ၊ ဆံပင်စတိုင် ၊ အားကစားနည်းတွေနဲ့ ဘယ်ကိုသွားသင့်တယ် ၊ ဘာတွေလုပ်သင့်တယ်ဆိုတာကအစ သင့်ရဲ့ အကြံဉာဏ်ကို လက်ခံလာတတ်တာမျိုးပေါ့။

၂။ အမျိုးသမီး သူငယ်ချင်းများ

သူ့ရဲ့ သူငယ်ချင်းအပေါင်းအသင်း ကဏ္ဍကိုအနည်းငယ် ပြောင်းလဲပြစ်တာမျိုးတွေ ရှိလာပါလိမ့်မယ်။ အထူးသဖြင့် မိန်းကလေးသူငယ်ချင်းတွေ နဲ့ပေါ့။ သင့်ကို တကယ်အလေးထားတယ် ဆိုရင် သူ့ရဲ့ မိန်းကလေးသူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာကို လျော့လာပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ သင်နဲ့ ဘယ်လို ပြဿနာမျိုးမှ မတက်ချင်လို့ပါ။

၃။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာများကို အသိပေးလာခြင်း

သူ့အလုပ်အကိုင်နဲ့ပတ်သက်တဲ့ ဖိအားတွေ ၊ မိသားစု အရေးကိစ္စတွေနဲ့ သူ့ရဲ့ ပုဂ္ဂိုလ်ရေးပိုင်း ဆိုင်ရာ ခံစားချက်တွေကို ထိန်ဝှက်မထားဘဲ သင့်ကိုအသိပေးလာပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ သင့်ကို သူ့ဘဝရဲ့ လက်တွဲဖော်အဖြစ် တဖြည်းဖြည်း လက်ခံ ရွေးချယ်လာမိတာကြောင့်ပါ။ အဆိုးအကောင်း အတော်များများကို သင်နဲ့မျှဝေနိုင်တယ်လို့ သိလာတဲ့အခါ သင့်အပေါ် ပိုပြီး သံယောဇဉ်တွယ်လာ ပါလိမ့်မယ်။

၄။ သင့်အတွက် ထည့်တွက်လာခြင်း

တကိုယ်ကောင်း ဆန်လေ့ရှိတဲ့ အမျိုးသားတွေဟာ သူတို့တကယ် နှစ်သက်မိတဲ့ အမျိုးသမီးနဲ့ ဆိုရင်တော့ သူမအတွက်ကို စဉ်းစားပေးတတ်လာပါတယ်။ သူရဲ့ အပြုအမူ တစ်ခုကြောင့် သင့်မှာ ထိခိုက်ခံစားသွားရမှာမျိုးကို မလိုလားတတ်ကြပါဘူး။ အရင်က ဘယ်လိုပဲ စိတ်ထင်သလိုနေခဲ့ပေမယ့် သင့်ကို တကယ်မြတ်နိုးမိတဲ့အခါမှာ သူ့ရဲ့ အပြုအမူတွေကို သတိထား ထိန်းချုပ်ကန့်သတ်လာပါလိမ့်မယ်။

၅။ အပျော်ရှာမှုတွေ လျော့ချလာခြင်း

အခါတိုင်းမှာ ပြုမူနေကျဖြစ်တဲ့ အမျိုးသားအပျော်ရှာနည်းတွေကို စွန့်လွှတ်လာပါလိမ့်မယ်။ ယောက်ျားလေး သူငယ်ချင်းတွေ စုမိရင် လုပ်လေ့ရှိတဲ့ အမျိုးသားသီးသန့် အလုပ်တွေပေါ့။ မိန်းကလေးမြင်ရင် စနောက်လိုတာ။ ခဏတာဖြစ်ဖြစ် အပျော်ရှာချင်တာမျိုးကို ရှောင်ကျဉ်သွား ပါလိမ့်မယ်။ သူနဲ့ပတ်သက်လို့ သင့်ဆီက ဘယ်လို ကောလဟာလမျိုး ၊ သံသယဝင်မျိုးကိုမှ မလိုချင်လို့ပါပဲ။

ဒီတော့ ချစ်မိပြီဆို မျက်စိမှတ်ယုံလိုက်တဲ့ ပျိုမေတွေအနေနဲ့ သူနဲ့ ခြေတလှမ်းခွာလို့ ဒီအချက်လေးတွေ သူ့မှာရှိနေပြီလားဆိုတာ ပြန်လေ့လာကြည့်လိုက်ပါဦး။ သင့်အနေနဲ့ သူ့ဆီက ဒီအချက်မျိုးတွေ ရရှိနေပြီဆိုရင်တော့ သေချာတာပေါ့။ ဒီလူ သင့်ကို တကယ်ကြွေနေပါပြီ။