ဒီ (၅)ချက်နဲ့ ကိုက်ညီတဲ့ ကောင်လေးမျိုးကိုသာ အနာဂတ် ခင်ပွန်းလောင်းအဖြစ် ရွေးချယ်ပါ …

အရင်ခေတ်ကတော့ တစ်ယောက်နဲ့တစ်ယောက် လက်ထပ်ဖို့ကို ၃နှစ်၃မိုး စောင့်ကြည့်ကြပါတယ်။ ဒီကာလက တစ်ဖြည်းဖြည်းနဲ့ တိုးတောင်းလာပြီး ဒီနေ့ခေတ်မှာတော့အခုတွေ့ အခုကြိုက် အခုလွန်လွန်ကျူးကျူး တွေဖြစ်၊ အခုယူဆိုတာမျိုးတွေ များပြားလာပါတယ်။

စုံတွဲလို့မခေါ်ပဲ ဆုံတုံးတွဲတဲ့ ‘ဆုံတွဲ’ တွေများလာပါတယ်။ အိမ်ထောင်မှုအကွဲအပြဲတွေကလည်း အရင်ခေတ်ကထက်စာရင် အဆမတန်ကို များပြားလာပါတယ်။

သာယာလှပတဲ့အိမ်ထောင်လေး တစ်ခုပိုင်ချင်ရင်တော့ အိမ်ထောင်မပြုခင် သေသေချာချာ စဉ်းစားဖို့လိုပါတယ်။

အောက်ပါ အချက်(၅)ချက်နဲ့ ကိုက်ညီတဲ့ သူမျိုးကို သင်ချစ်သူအဖြစ်ပိုင်ဆိုင် ထားတဲ့ဆိုရင်တော့ သူဟာသင့်ရဲ့ ခင်ပွန်းလောင်း ဖြစ်ထိုက်တဲ့သူပါ။

၁။ ပိုင်းခြားသိမြင်နိုင်သူ။

ပိုင်းခြားသိမြင်နိုင်သူဆိုတာ ပညာဉာဏ်ကြီးမားမှုနဲ့ စဉ်းစားချင့်ချိန်နိုင်စွမ်းကောင်းတဲ့ အမျိုးသားတွေမှာ ရှိနိုင်တဲ့အရည်အချင်းပါ။ ဒီလိုအရည်အချင်းမျိုး ပိုင်ဆိုင်ထားတဲ့ အမျိုးသားတွေဟာ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေရဲ့ စိတ်ကို တခဏချင်းမှာပဲ လွှမ်းမိုးနိုင်သလို အနာဂတ်ရဲ့ ခင်ပွန်းလောင်းစာရင်းမှာ အဲဒိ အမျိုးသားနာမည်ကို တေးထားလိုက်တဲ့အထိ စန်းပွင့်ပါတယ်။

၂။ ယောက်ျားပီသသူ။

လူကအရမ်းကြီး မတောင့်တင်းရင်နေပါစေ။ ကျားျကျားယားယားတော့ ရှိသင့်ပါတယ်။ မိန်းကလေးတွေနဲ့အပြိုင် အလှပြင်မယ့် ယောက်ျားမျိုး သင်ယူထားလို့ကတော့ မှန်တင်ခုံလုနေရပါလိမ့်မယ်။ တစ်ချို့ကကျတော့ သန်မာပုံတော့ရှိပါရဲ့ စကားပြောရင် နွဲ့ချင်ချင်ပုံစံလေးတွေ။

အိမ်ထောင်ဘက်ကို ရွေးချယ်တဲ့အခါမှာ သာမာန် ကိုယ့်မျက်လုံးထဲမှာ ကြည့်ပျော်ရှုပျော်ဖြစ်ရုံလောက်ကလေးနဲ့ သင် ရွေးချယ်ခဲ့ရင် သင်ဟာ အိမ်ထောင်ဘက်ကို လိင်မှုကိစ္စ အတွက်သာ ရွေးချယ်တယ်လို့ ဆိုလိုရာရောက်ပါတယ်။

အထူးသဖြင့် အမျိုးသားတွေမှာ စိတ်ဓာတ်သန်မာခြင်း၊ ခွန်အားသန်မာခြင်း၊ စတဲ့ ဗလနှစ်တန်နဲ့ ပြည့်စုံရပါတယ်။ အဲဒီလို ဗလနှစ်တန်နဲ့ ပြည့်စုံပါမှ အမျိုးကောင်းသမီးတွေ သဘောကျတာကို လက်ခံရရှိမှာပါ။

၃။ အရေးနဲ့အကြောင်းဆို မှန်ကန်တဲ့အတွေးအခေါ်နဲ့ ရပ်တည်နိုင်သူ။

စိတ်လှုပ်ရှားချိန်မှာ တွေးတဲ့အတွေးနဲ့ စိတ်တည်ငြိမ်ချိန်မှာ တွေးတဲ့အတွေ မတူညီပါဘူး။ ဒါပေမယ့် ပညာအမြော် အမြင်ကြီးတဲ့ အမျိုးသားတွေမှာတော့ မည်သည့်အချိန်ပဲဖြစ်ဖြစ် တွေးခေါ်ယူစပုံက တိကျပါတယ်၊ ပြတ်သားပါတယ်၊ မှားယွင်းခဲပါတယ်။

အဲဒီလို ယောက်ျားမျိုးဟာ အမျိုးကောင်းသမီးတို့ရဲ့ ခင်ပွန်းဖြစ်ခွင့် ကြုံရမှာပါ။ ထစ်ကနဲဆို ထိုးမယ်ကြိတ်မယ်ဆိုတဲ့ ယောက်ျားမျိုးယူမိရင်တော့ စိတ်ငြိမ်းချမ်းရမှာ မဟုတ်ပါဘူး။

၄။ ယုံကြည်ရသူ။

ယုံကြည်မှုဆိုတာ သစ္စာတရား၊ စောင့်ထိန်းခြင်း၊ ရောင့်ရဲမှု၊ သတ္တိရှိမှု၊ တာဝန်ခံမှု-စတဲ့ စိတ်အရည်အချင်းတွေ မရှိပါဘဲ မဖြစ်ပေါ်နိုင်ပါဘူး။ လူတစ်ယောက်ကို အသားလွတ်ယုံကြည်တဲ့သူတွေ ရှိကောင်းရှိနိုင်ပါတယ်။ သေချာတာကတော့ အဲဒီလူ ဦးနှောက်လွတ်နေပြီ-ဆိုပါတော့။

ဒီတော့ လူတစ်ယောက်ကို ယုံကြည်မှုမဖြစ်ခင်မှာအဲဒီလူဟာ သူ့ကို ယုံကြည်ထိုက်ပါတယ်ဆိုပြီး စကားနဲ့ မပြောပဲ အပြုအမူ၊ အနေအထိုင်၊ အလုပ်အကိုင်တွေနဲ့ သက်သေပြရပါတယ်။ အဲသလို ယောက်ျားမျိုးမှာလည်း အမျိုးသမီးတွေ ဝိုင်းဝိုင်းလည်နေတတ်ပါတယ်။

၅။ ကြင်နာမှုရှိသူ။

အမျိုးသမီးတွေ ဝိုင်းဝိုင်းလည်တိုင်းလည်း ယောက်ျားကောင်းတစ်ယောက်မဟုတ်ဖူးဆိုတာ ပျိုမေတို့ကို သတိပေးပါရစေ။ တစ်ချို့က ငွေကြေးအရ အောင်မြင်လို့ ဝိုင်းဝိုင်းလည်နေတာ ရှိပါတယ်။ အဲဒီလူတွေထဲမှာ သင်မပါဖို့ အရေးကြီးပါတယ်။

သင်ကိုယ်တိုင်ကလည်း ယောက်ျားတစ်ယောက်ကို ငွေကြေးအရ ချဉ်းကပ်ပြီဆိုရင် သင့် စာရိတ္တနဲ့ပက်သက်ရင် မေးခွန်းထုတ်စရာတွေ အများကြီးရှိလာမယ်။ ဆိုတော့ ယောက်ျားတစ်ယောက်မှာ ကြင်နာသနားတတ်တဲ့ နှလုံးသား ရှိဖို့လိုအပ်ပါတယ်။

ကြင်နာသနားခြင်းဆိုတာကလည်း ကိုယ်ချင်းစာမှု၊ နားလည်မှု၊ မေတ္တာကရုဏာကြီးမှု၊ မာန်မာနကင်းစင်မှု-စတဲ့ စိတ်စေတနာတွေက ထပ်ဆင့်အကျိုးပေးလာတဲ့ သဘောတရားတစ်ခုပါ။ ဒါကလည်း မိန်းမတွေ မက်မောလောက်စရာ အမျိုးသားတွေမှာ တွေ့ရတတ်ပါတယ်။