သင့်ကောင်လေး ဒီ (၁၀) ချက်ကို ပြုလုပ်နေတာ၊ သင့်ကို အမှန်တကယ် မချစ်လို့ပါ …

တစ်ဦးနဲ့တစ်ဦး ချစ်ခင်နှစ်လိုကြတယ်ဆိုတာ တကယ့်တော့ အံ့သြပီတိဖြစ်စရာ ခံစားချက်လေးပါ။ ဒါပေမယ့် ဒီခံစားချက်လေးရဖို့ သင်ဟာ ဘယ်သူ့ကိုမှ အတင်းတိုက်တွန်းလို့မရပါဘူး။

တကယ်လို့များ သင်ဟာ တစ်စုံတစ်ယောက်နဲ့ တွဲနေပြီး အဲ့ဒီခံစားချက်ကို ခံစားနေရပေမယ့် တစ်ဖက်လူကရော ကိုယ့်ကို တကယ်ချစ်ခင်ပါရဲ့လားဆိုတဲ့ အတွေးမျိုး တွေးမိတယ်ဆိုရင် ဒီမေးခွန်းလေးတွေ ကိုယ့်ဘာသာကိုယ် အရင်ဆုံး မေးကြည့်လိုက်ပါ။ အနည်းဆုံးတော့ သင်ဟာ ကိုယ့်ကိုတကယ်ချစ်တဲ့သူနဲ့ တွေ့ဆုံပြီး ဘဝခရီးလမ်းကို အတူဖြတ်သန်းဖို့ ထိုက်တန်ပါတယ်။

ခုပြောပြမယ့် အချက်ကလေးတွေကတော့ သင့်ချစ်သူဟာ သင့်အပေါ် တကယ်ကို အလေးမထားဘူး ဆိုတာ ပေါ်လွင်သွားစေတဲ့ အချက်ကလေးတွေပါ။

၁။ သူက အမြဲတမ်း အလုပ်ရှုပ်နေတတ်တယ်။

သူက နေ့တိုင်းနီးပါး အလုပ်တွေရှုပ်နေတတ်တာမို့ တစ်ဦးနဲ့တစ်ဦး တွေ့ဖို့ အမြဲတမ်းခက်ခဲနေရတယ်။ သူ့မှာ သင့်အတွက် သီးသန့်ဖယ်ပေးထားတဲ့ အချိန်ဆိုတာ မရှိပါဘူး။

၂။ သူ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ သင့်ကို မိတ်ဆက်မပေးဘူး။

သူသာ သင့်ကိုအလေးထားဆက်ဆံသူဆိုရင် သူနဲ့အခင်ဆုံးသူတွေနဲ့တော့ သင့်ကို ပေးတွေ့သင့်တာပေါ့။ မဟုတ်ရင်တော့ သူဟာ သင့်ကို အရေးမပါသူတစ်ယောက်လို့ သဘောထားတာကြောင့်ပါ။

၃။ သင့်ကို ဘယ်တော့မှ ပွင့်ပွင့်လင်းလင်း မပြောတတ်ဘူး။

သင်က သူ့အကြောင်း မေးတဲ့အခါ၊ သူ့အတိတ်ကဖြစ်ရပ်အကြောင်း မေးတဲ့အခါ ဘယ်တော့မှ သင့်ကို ဖွင့်ဟလေ့မရှိ သလို သူပြသနာဖြစ်နေရင်တောင် သင့်ကိုမပြောတတ်ဘူး။

၄။ ဒိတ်လုပ်ဖို့ကို သင်ကပဲ အမြဲစီစဉ်ရတယ်။

ဒီတစ်ပတ်တွေ့ကြမလားဆိုပြီး သင်ကပဲ မေးရတယ်။ ဘယ်သွားကြမလဲဆိုတာလည်း သင်ပဲစဉ်းစားရတယ်။ နှစ်ဦးသား ကိစ္စမှန်သမျှ သင်သာ ဦးဆောင်လုပ်နေရပြီး သူကတော့ စိတ်အားထက်သန်မှုသိပ်မရှိတာကို သင်သတိပြုမိနေတယ်။

၅။ သင့်ကိုသူက အမြဲ ဖုန်းမတ်ဆေ့ချ်ပို့ပေမယ့် ဘယ်တော့မှ ဖုန်းမခေါ်တတ်ဘူး။

ဖုန်းဆက်ပြီး သူဘယ်မှာ၊ ဘယ်သူနဲ့ရှိနေတယ်ဆိုတာမျိုး ဘယ်တော့မှ သူလုပ်လေ့မရှိပဲ message သာအမြဲပို့တတ်တယ်။

၆။ အနာဂတ်အတွက် သင့်ကိုဘယ်တော့မှ ထည့်မစဉ်းစားဘူး။

သူရဲ့ အနာဂတ်အကြောင်း ဖွင့်ဟတဲ့အခါ သင်ကတော့ သူပြောတဲ့ အစီအစဉ် စိတ်ကူးအိပ်မက်တွေထဲ ဘယ်တော့မှထည့်သွင်း ပြောဆိုခံရတယ်မရှိပါဘူး။ နောင်ကျရင် ကိုယ်တို့နှစ်ယောက်ဆိုတာမျိုး စကားထဲ ဘယ်တော့မှ ထည့်မပြောတတ်ဘူး။

၇။အရင်က သူ့ရည်းစားဟောင်းတွေနဲ့ ခုထိ ဆက်သွယ်နေတုန်း။

ဒီအချက်ကတော့ တော်တော့်ကို စိတ်ပျက်စရာကောင်းတဲ့ အချက်ပါပဲ။ သူဟာ သင့်ကိုတကယ် အလေးအနက်ထားရင် သင်စိတ်မကောင်းဖြစ်မယ့်အရာမျျိုးတွေ ရှောင်ပါလိမ့်မယ်။ ဒီလိုအရာမျိုးကတော့ အထူးပြောစရာတောင် မလိုလောက်အောင် သူက ရှောင်ကြဉ်ရမှာပါ။

၈။လူကြားထဲဆိုရင် သင့်ကိုရှောင်ဖယ်ဖယ် နေတတ်တယ်။

အပြင်သွားပြီဆို သူက ကိုယ့်နားသိပ်မကပ်တော့ပဲ လူကြားထဲ ခပ်ခွာခွာနေတတ်တယ်။ ဒီအချက်ကလည်း သတိထားသင့်တဲ့ အချက်ပါပဲ။

၉။ နှစ်ဦးသားသဘောတူထားတဲ့ အစီအစဉ်တွေကိုလည်း ဖျက်တတ်တယ်။

ခက်ရာခက်ဆစ် စီစဉ်ထားတဲ့ အစီအစဉ်တစ်ချို့ကိုလည်း သင့်စိတ်မကောင်းဖြစ်မှာ မတွေးပဲ ဖျက်တာမျိုးတွေ လုပ်တတ်တယ်။

၁၀။ သူနဲ့ရှိတဲ့အချိန် သင့်စိတ်ထဲ စိုးရိမ်စရာ တစ်ခုခုရှိတယ်လို့ ခံစားနေရတယ်။

သင့်ရဲ့မသိစိတ်မှာ သူနဲ့ရှိတဲ့အချိန်ဆို ပျော်ရွှင်နေရတာထက် တစ်ခုခုစိတ်ထဲ အမြဲထင့်နေတယ်။ သင့်စိတ်ထဲ သူနဲ့ပတ်သက်ပြီး မေးခွန်းတွေ၊ သိချင်တာတွေ အရမ်းများနေပြီဆိုရင်တော့ ဒါဟာ ကောင်းတဲ့အချက်မဟုတ်ပါဘူး။